ရွှေတိဂုံကို ဘယ်သူတွေ တည်သလဲ
သမိုင်းသုတေသန (၁မှ၄ စဆုံး)
***************
နိဒါန်း
ရွှေတိဂုံနဲ့ ပတ်သက်လို့ အယူအဆ နှစ်ခုပဲရှိတယ်။
အိန္ဒိယ မှာနဲ့ မြန်မာမှာ ဆိုတဲ့ အယူအဆ နှစ်ခု။
ဒီနှစ်ခုမှာ အိန္ဒိယမှာ ဆိုတာ အထောက်အထား မခိုင်လုံလို့ မှားတယ်။
၁။ အိန္ဒိယနိုင်ငံ ဩရိသ ပြည်နယ်က ဆံတော်ရှင် စေတီ တစ်ဆူဆူလို့ သူတို့ပြောတဲ့နေရာက ဘယ်စေတီလို့ သူတို့လမပြနိုင်သလို အဲဒီဒေသက ကလိင်္ဂတိုင်း၊ အသောကမင်းကြီး နောက်ပိုင်းမှ ဗုဒ္ဓဘာသာ ဖြစ်တဲ့နေရာ။
ဗုဒ္ဓခေတ်က ဗုဒ္ဓဘာသာလည်း မဖြစ်သေး၊ ဗုဒ္ဓခေတ် သာသနိက ဘာမှမရှိ။
ရှိတဲ့ အကြွင်းအကျန်က အသောကနောက်ပိုင်း။
ဒါကြောင့် အဲဒါမှားတယ်။
နောက် အိန္ဒိယက ဆရာကြီးနှစ်ယောက်ပြတဲ့ ဘလ္လိက ဆိုတဲ့ အုတ်ခဲစာကလည်း အမည်တူ တစ်ခုသာဖြစ်ပြီး ရေးထားတဲ့ အက္ခရာက ဗုဒ္ဓခေတ် အက္ခရာ မဟုတ်ဘူး။
အသောထက်တောင် နောက်ကျတဲ့ ဘီစီ ၂ရာစု အက္ခရာ။
ဒါကြောင့် အဲဒီ့ ဘလ္လိက သည် ဗုဒ္ဓ ခေတ်က ဘလ္လိက မဟုတ်ဘူး။
နောက်တစ်ခုက အိန္ဒိယ ဘက်မှာ ကုန်သည်ညီနောင် ဆံတော်သယ်လာပြီး စေတီတည်ကြောင်း ဆံတော်ကြိုစေတီကဲ့သို့ ဆက်စပ် အခြင်းအရာ ဘာမှမရှိသလို စာပေမှတ်တမ်းတောင် မရှိဘူး။
မြန်မာနိုင်ငံမှာက ဆံတော်ကြိူစေတီတွေရော၊ စာပေမှတ်တမ်းတွေရော အကုန်ကျန်တယ်။
အိန္ဒိယဘက်မှာလို့ ပြောတဲ့သူတွေက ဒါကြီးက ကုန်သည်ညီနောင် ပင့်လာတဲ့ ဆံတော်တွေနဲ့ တည်တဲ့ ဆံတော်ရှင်စေတီလို့ ဘယ်သူမှ အခိုင်အမာ လက်ညိုးထိုးမပြနိုင်ဘူး။
နောက်တစ်ခုက ကုန်သည်ညီနောင်ဟာ ဘယ်မြို့ကဆိုတာ သူတို့ မပြောနိုင်ကြဘူး။
မြန်မာနိုင်ငံမှာက ရွှေတိဂုံကြီးကို လက်ညိုး ထိုးပြနိုင်တယ်။
ကွမ်းခြံကုန်းကနေ ကော့မှူး တွံတေးရွှေဆံတော် အထိ ဆံတော်ကြို စေတီတွေကို လက်ညိုးထိုးပြနိုင်တယ်။
ရန်ကုန်ဘက်ကမ်းမှာလဲ ရွှေတိဂုံစေတီနဲ့ ဆက်စပ်တဲ့ ဗိုလ်တစ်ထောင်ဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ အလံပြဘုရား၊ ဆူးလေ ဘုရားစတဲ့ ဆက်စပ် ဘုရားသမိုင်းတွေ ရှိနေတယ်။
အနှိုင်းမဲ့ ဗုဒ္ဓရဲ့ဆံတော်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အခင်းအကျင်းကြီး ရှိနေတယ်။
အထောက်အထားအရလည်း ဗုဒ္ဓခေတ် အထောက်အထား အထိ တွေ့နေရတယ်။
ဒါကြောင့် ကုန်သည်ညီနောင်သည် မြန်မာပြည်သား၊ ရွှေတိဂုံ ဘုရားကြီးသည် ကုန်သည်ညီနောင် ပင့်လာတဲ့ ဆံတော်တွေနဲ့ တည်ထားတဲ့ ဆံတော်ရှင်စေတီလို့ အထောက်အထား သဲလွန်စ ဆက်စပ်ဘုရားသမိုင်းတွေအရ လက်ခံတယ်။
၂။ ကုန်သည်ညီနောင် နဲ့ သူတို့ပင့်လာတဲ့ ဆံတော်ရှင်စေတီ (ရွှေတိဂုံ) ဘုရားကြီးဟာ မြန်မာပြည်မှာ ဆိုရင် အဲဒီခေတ် မြန်မာနိုင်ငံအောက်ပိုင်းဟာ မွန်ဒေသလား၊ ပျူ မြန်မာဒေသလား အထောက်အထားကို ကြည့်ဖို့လိုတယ်။
အထောက်အထားတွေကို ကြည့်တဲ့အခါ အနော်ရထာမတိုင်မီခေတ် မြန်မာပြည်အောက်ပိုင်းကြီးဟာ ပျူ မြန်မာဒေသ။
တဖုသ ဘလ္လိက တို့ခေတ်က မြန်မာနိုင်ငံထဲကို မွန်တွေ မရောက်သေးဘူး။
ပြောရရင် သမိုင်းပညာက လက်ခံတဲ့ ဗုဒ္ဓခေတ် ဘီစီ၆ရာစု၊ အသောကခေတ် ဘီစီ၃ရာစု မွန်သမိုင်းဆိုတာ လုံးဝမရှိသေးဘူး။
လုပ်ကြံထါးတဲ့ ပါးစပ်ရာဇဝင်တွေ၊ ပုံပြင်တွေပဲ ရှိတယ်။
အံ့ဩစရာကောင်းတာ အဲဒီလုပ်ကြံထားတဲ့ ပါးစပ်ရာဇဝင် တွေ ပုံပြင်တွေဟာ ကိုလိုနီခေတ်မှ ရုပ်လုံးကြွ ပုံဖေါ်ထားတာတွေ ဖြစ်နေတယ်။
ကိုလိုနီခေတ်ကလအင်္ဂလိပ်တွေဟာ သူတို့ ကိုလိုနီယန္တယားကြီးလည်ပတ်ရေးအတွက် သေဆိုသေ ရှင်ဆိုရှင် အကြွင်းမဲ့တပည့် အဖြစ် အောက်မြန်မာနိုင်ငံမှာ မွန်ကိုမွေးပြီး သမိုင်းအတုတွေရေးပေး ဇာတ်နာတာတွေ မြှောက်ထိုးပင့်ကော်တွေ ဖန်တီးပေးခဲ့တယ်။
ရွှေတိဂုံဘုရားကို ဘယ်သူတည်သလဲ သိချင်ရင် သမိုင်းပညာအရ ရွှေတိဂုံဘုရားတည်ရှိရာ ဒေသကြီးတစ်ဝိုက် ဘာအထောက်အထားတွေ ရှိသလဲ ရှာဖွေရတယ်။
ပုံပြင်တွေ ပြောလို့ မရဘူး။
မွန်အထောက်အထားတွေ ထွက်လာရင် မွန်ပေါ့။
မွန်အထောက်အထား မထွက်ပဲ ပျူမြန်မာ အထောက်အထားတွေ ထွက်လာရင် အထောက်အထားအရ ပျူမြန်မာလို့ပဲ ပြောရမယ်။
သီတဂူ ဆရာတော်ကြီးက စာဖတ်တယ်။
စာဖတ်တော့ ကုန်သည်ညီနောင် ခေတ်မှာ မြန်မာပြည်ထဲမှာ မွန်မရှိဘူးဆိုတာ သိတယ်။
ပျူ အထောက်အထားတွေ ထွက်မှန်း ဆရာတော်ကြီးသိတယ်။
ပျူဟာ ဗမာ ဆိုတာလည်း ဆရာတော်ကြီးသိတယ်။
ဒါကြောင့် ကုန်သည်ညီနောင်ကို ဗမာလို့ ဆရာတော်ကြီးက ပြောတာ။
ဒီတော့ ရွှေတိဂုံဘုရားကို ပျူဗမာတို့ တည်သည် ပေါ့ဗျာ။
တဖုဿ
ဘလ္လိကတို့သည် ပျူဗမာများ ဖြစ်သည်ဆိုတာ အထောက်အထားနဲ့ ရေးပါမယ်။
တစ်နည်းအားဖြင့် ရွှေတိဂုံတဖုသ ဘလ္လိကတို့ ဒေသမှ ထွက်ရှိသည့် ပျူ မြန်မာ အထောက်အထားများကို ဆက်လက်တင်ပြပါမယ်။
ရွှေတိဂုံကို ဘယ်သူတွေ တည်သလဲ သမိုင်းသုတေသန (၂)
***************
ကုန်သည်ညီနောင်တို့ ဘယ်မြို့ကလဲ
***************
တဖုသ်သနဲ့ ဘလ္လိက ကုန်သည်ညီနောင်တို့ဟာ အိန္ဒိယဘက်က ဆိုတာ ဘာအထောက်အထားမှ မခိုင်လုံ မှားယွင်းနေတာမို့ ကုန်သည်ညီနောင်တို့ဟာ မြန်မာနိုင်ငံသားများသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကလဲဆိုတာ ပိဋကတ်တော်၊ အဋ္ဌကထာ၊ ဘုရားသမိုင်း ရှေးမှတ်တမ်းများမှာ ပါတာကို ဦးစွာဖေါ်ပြပြီး ယင်းဒေသမှာ ဘာလူမျိုးဓလေ့၊ ဘာယဉ်ကျေးမှုတွေ ထွန်းကားခဲ့သလဲဆိုတဲ့ အထောက်အထားအထားများကို တင်ပြပါ့မယ်။
(ဒီနေရာမှာ ခပ်ပြတ်ပြတ်ပဲ ကြိုတင်ပြောလို့ရတာက ယင်းဒေသမှာ အနော်ရထာမတိုင်မီခေတ်၊ ဘီစီခေတ် ယဉ်ကျေးမှု ဓလေ့တွေဟာ ပျူ မြန်မာ ယဉ်ကျေးမှု ဓလေ့အထောက်အထာက်အထားသာ ထွက်ရှိပြီ ရှေးဟောင်း မွန်အထောက်အထား ဘာတစ်ခုမှ မရှိပါ။)
သင်္ဂါယနာတင် ဘုရားဟော ပိဋကတ်သုံးပုံလာ ဝိနည်း မဟာဝါ ပါဠိတော်မှာ
"တဖုဿ
ဘလ္လိကာ ဒွေ ဝါဏိဇ္ဇာ ဥက္ကလာတံ ပဒေသံ.......... " လို့ ပါရှိတာကြောင့် တည့် ဘာသာပြန်ရရင်တော့ ဥက္ကလာပတိုင်းက ကုန်သွယ်လာတဲ့ ကုန်သည်ညီနောင်နှစ်ဦး ဖြစ်ပါတယ်။
သူတို့ဟာ ဥက္ကလာပ တိုင်းသားတွေပါ။
ပါဠိအမည်နဲ့ တိုင်းတွေဟာ အိန္ဒိယထဲမှာတင်မက မြန်မာနိုင်ငံမှာလည်း အမည်တူတွေ ရှိပါတယ်။
အထက်အညာမှာဆိုရင် သုနာပရန္တတိုင်း၊ တမ္ပဒီပ တိုင်း၊ အောက်မြန်မာပြည်မှာဆို သုဝဏ္ဏဘူမိတိုင်း၊ ဥက္ကလာပတိုင်း စသဖြင့် ပေါ့။
ပါဠိတော်က ဥက္ကလာပတိုင်းလို့ ပြောတာကို အဲဒီ့ တိုင်းရဲ့ ဘယ်နေရာ ဘယ်မြို့ ဆိုတာကို အဋ္ဌကထာက ဖွင့်ဆိုရှင်းပြထားတယ်။
ဧက အဂုင်္တ္တိုရ် ဧတဒဂ္ဂဝဂ် အဖွင့် အဋ္ဌကထာမှာ (ဥက္ကလာပတိုင်းကြီးထဲက) အသိတဉ္ဇန မြို့လို့ ဆိုတယ်။ (အံ၊ ၁၊ ဋ္ဌ၊ ၂၉၄၊ ၅။)
ထေရာ အဋ္ဌကထာ မှာ (ဥက္ကလာပတိုင်းကြီးထဲက) ပေါက္ခရဝတီမြို့ လို့ ဖွင့်ဆို ရှင်းပြထားတယ်။
(ထေရာဂါထာ အဋ္ဌကထာ ၁၊ ၅၉)
ဒါတွေက ဘုရားဟော ပါဠိတော် အဋ္ဌကထာများက ညွှန်ပြတဲ့ ကုန်သည်ညီနောင်တို့ရဲ့ နေရာ။
အဲဒီနေရာဟာ ယခုခေတ် ဘယ်နေရာလဲ။
ဒါကို စာပေမှတ်တမ်းဖြစ်တဲ့ ဘုရားစေတီပုထိုးများရဲ့ သမိုင်းမှတ်တမ်းများက ဘယ်လိုဆိုသလဲ ကြည့်ရအောင်။
၁။ ကျောက်ဆည်မြို့၊ ရွှေလှံတောင်ကျောင်း ဆရာတော် အရိယာဝံသ အာဒိစ္စရံသီရဲ့ ရွှေတိဂုံသမိုင်း မူဟောင်းနဲ့ မူသစ်ကျယ် စာအုပ်မှာ
- သိဂုင်္တ္တရကုန်းတော် (ယခုရွှေတိဂုံ စေတီရှိသည့်ကုန်း) ကို မြို့လေးမြို့ ချောင်း လေးချောင်းတို့က ပတ်လည် ဝန်းရံနေတယ်။
အဲဒါကတော့
က။ ရွှေတိဂုံရဲ့ အရှေ့အရပ် ရမ္မာဝတီမြို့၊ ဒီတို့သရက်ချောင်း
ခ။ အနောက်အရပ် အသိတဉ္ဇနမြို့၊ အသိစန္ဒနချောင်း
ဂ။ တောင်အရပ် ဓညဝတီ (ပေါက္ခရဝတီမြို့) ဗုဇွန်ဒီချောင်း
(ဓညဝတီဆိုတာ ရခိုင်မှ ဓညဝတီမဟုတ်ပါ။ တွံတေးရွှေဆံတော် သမိုင်းအရ ပေါက္ခရဝတီ၏ အမည်ကွဲ တစ်ခုသာ)
ဃ။ မြောက်အရပ်ကား ဥက္ကလာပမြို့၊ သုဝဏ္ဏနဒီချောင်း (ငမိုးရိပ်ချောင်းဟု ယူဆ)
၂။ ပုဇွန်တောင် ဘုရားဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နရိန္ဒာဘိဝံသရဲ့ ဆံတော်ရှင်ကျိုက်ကမာစိန် ဘုရားသမိုင်းစာအုပ်မှာ ဝန်ကြီးပဒေသရာဇာ ရဲ့ စာအရ ရွှေတိဂုံဘုရား ဝန်းကျင်မှာ
က။ အရှေ့အရပ် ဓမ္မပူရမြို့
ခ။ အနောက်အရပ် ဝိဇယာပူရမြို့
ဂ။ တောင်အရပ် ဓညပူရမြို့ (ပေါက္ခရဝတီမြို့)
ဃ။ မြောက်အရပ် ဥက္ကလာပမြို့
၃။ မြန်မာနိုင်ငံ ကျွန်ဘဝရောက်ပြီးမှ ရေးတဲ့ ဦးရွှေနော်က သူ့ရဲ့ မွန်ရာဇဝင်၊ စေတီတော် သမိုင်းပေါင်းချုပ်မှာ ရှေးမြန်မာစာဟောင်း မွန်စာဟောင်းတွေက အညီအညွတ်ရေးတာကို သူထုတ်ယူ ဖေါ်ပြတာဖြစ်လို့ ဝန်ခံထားတဲ့ ရွှေတိဂုံ ကုန်းတော်ရဲ့ အရပ်လေးမျက်နှာက မြို့တွေ မြစ်တွေကတော့
က။ ရွှေတိဂုံ ကုန်းတော်ရဲ့ အရှေ့အရပ်က အသိတဉ္စနမြို့၊ အသိတဉ္စန မြစ်
ခ။ အနောက်အရပ်က ရမ္မာနာဂရမြို့၊ ရမ္မာနာဂရမြို့၊
ဂ။ တောင်အရပ်က ပေါက္ခကဝတီ မြို့၊ ပေါက္ခကဝတီ မြစ်
ဃ။ မြောက်အရပ်က တရိဟကုမ္ဘ (တြိကုမ္ဗ) (ဥက္ကလာပ) မြို့၊ တရိဟကုမ္ဘ မြစ်
တို့ ဝန်းရံလျက် ရှိပါတယ်တဲ့။
အဲဒီစာအုပ်ကို ပြုစုသူရဲ့ ယူဆချက်က
က။ အရှေ့ အရပ်က အသိတဉ္ဇန ဆိုတာ သံလျင်မြို့၊ ဒေါပုံမြစ်
ခ။ အနောက်အရပ်က ရမ္မာနာဂရ သည် ဝါးတစ်ရာမြို့၊ ဝါးတစ်ရာမြစ်
ဂ။ တောင်အရပ်က ပေါက္ခကဝတီ သည် ကွမ်းဒေး (တွံတေး)မြို့၊ ကွမ်းဒေမြစ်
ဃ။ မြောက်အရပ်က တရိဟကုမ္ဘ မြို့သည် သောင်းလင်းမြို့၊ ငမိုးရိပ်မြစ်
လို့ ယူဆ ထားပါတယ်။
ဒီမူကွဲတွေကို တိုက်ဆိုင်လိုက်ရင် ရွှေတိဂုံ ဘုရားရဲ့ အရှေ့ အရပ်နဲ့ အနောက်အရပ်က မြို့တွေသာ ကွဲပါးပေမယ့် တောင်အရပ် ပေါက္ခကဝတီ မြို့နဲ့ မြောက်အရပ် ဥက္ကလာပ မြို့ ဆိုတာတွေဟာ ညီညွတ်လျက် ရှိပါတယ်။
ကုန်သည်ညီနောင်တို့သည် အသိတဉ္ဇန မှလား ပေါက္ခရဝတီ မှလား
*************
၁။ ကုန်သည် ညီနောင်ကို ဧက အဂုင်္တ္တိုရ် ဧတဒဂ္ဂဝဂ် အဖွင့် အဋ္ဌကထာက အသိတဉ္ဇန မြို့လို့ ဆိုတယ်။
ဘုရားသမိုင်း ရှေးမှတ်တမ်းတွေအရ အသိတဉ္ဇန သည် အချို့မှတ်တမ်းတွေမှာပါပြီး အချို့မှာမပါ။
ပါတဲ့ နေရာကလဲ မတူညီဖြစ်နေပါတယ်။
ကျောက်ဆည်မြို့၊ ရွှေလှံတောင်ကျောင်း ဆရာတော် ရဲ့ စာမှာ ရွှေတိဂုံကုန်းတော်ရဲ့ အနောက်အရပ် မှာလို့ ဖေါ်ပြထားတယ်။
(ယခုခေတ် ဝါးတစ်ရာ မြို့ကုန်းရွာ တစ်ဝိုက်။)
ဦးရွှေနော် ရဲ့စာမှာ အသိတဉ္ဇန မြို့ကို ရွှေတိဂုံ ကုန်းတော်ရဲ့ အရှေ့ဘက် ယခုခေတ် သံလျင်မြို့။
အရှေ့အနောက် ကွဲပြားနေပါတယ်။
မြေပြင်ကွင်းဆင်းလေ့လာတဲ့ အခါ ကုန်းတော်ရဲ့ အရှေ့အရပ် သံလျင်ပါဒမြို့ဟောင်း မှာရော အနောက်အရပ် ဝါးတစ်ရာ မြို့ကုန်းရွာ တစ်ဝိုက်မှာရော ကုန်သည်ညီနောင် ဆံတော်ပင့်လာတဲ့ သဲလွန်စ၊ ဆံတေိာကြိုစေတီများကဲ့သို့ ဆက်စပ်ဘုရားသမိုင်း မတွေ့ရပါဘူး။
(ဒီနေရာမှာ ကြားဖြတ် ပြောချင်တာက သံလျင်က ပါဒပျူ မြို့ဟောင်းကြီးကလည်း ပြည်တွင်းပြည်ပ ခေတ်ပြိုင်အထောက်အထား များစွာနဲ့ ပျူမြို့ဟောင်း တစ်ခုသာဖြစ်ပါတယ်။
ပါဒပျူမြို့ဟောင်း အကြောင်းကို နောက်မှ သီးသန့် ရေးသားပါဦးမယ်။)
၂။ ဒုတိယ အချက် ထေရာဂါထာ အဋ္ဌကထာကပြောတဲ့ ကုန်သည်ညီနောင်တို့ဟာ ပေါက္ခရဝတီမြို့မှ ဆိုတာကတော့ ဘုရားသမိုင်း မှတ်တမ်းဟောင်း အစောင်စောင်တို့နဲ့ ညီညွတ်ပါတယ်။
ကွမ်းခြံကုန်း၊ ကော့မှူး မှသည် တွံတေးရွှေဆံတော် အထိ ဆံတော်ကြို စေတီများ၊ ဆက်စပ် ဘုရားသမိုင်းများစွာ ရှိနေပါတယ်။
တွံတေးရွှေဆံတော် ဘုရားသမိုင်းအရ သော်လည်းကောင်း၊ ယင်းဒေသမှ ဒေသခံတို့ ရင်ထဲတွင်စွဲနေသည့် သမိုင်း Myth များအရလည်း တဖုဿ
ဘလ္လိက ကုန်သည်ညီနောင် နှင့် ပေါက္ခရဝတီ မြို့သည် ယနေ့တွံတေးနယ်ထဲမှာလို့ ကောက်ချက်ချနိုင်တယ်။
မွန်၊ မြန်မာ ပညာရှင်အများလည်း သဘောတူလက်ခံထားပါတယ်။
တွံတေးမြို့၊ စျေးကြီးကုန်းရပ် နိဂြောဓာရုံကျောင်း (လယ်တီဆရာတော် ဘုရားကြီး၏ တပည့်အရင်း၊ တွံတေးမြို့ သုဓမ္မာဂိုဏ်းကြီး၏ ဂိုဏ်းထောက်ဆရာတော်) လယ်တီဦးပညောဘာသရဲ့ တွံတေးရွှေဆံတော် စေတီကြီးသမိုင်း အဖွင့်နိဒါန်း ပါ အချက်ကို အကျဉ်းချုပ်ဖေါ်ပြချင်ပါတယ်။
ဆရာတော်ကြီးက ပေါက္ခရဝတီ မြို့ဟောင်းသည် ရွှေတိဂုံ ကုန်းတော်ရဲ့ တောင်စူးစူးမှာ မရှိပဲ အနောက်တောင်ဘက်မှာ ရှိကြောင်း၊ ယခုခေတ် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း အာလုံးကို ခြုံ၍ ပေါက္ခရဝတီနယ်၊ ရွှေတိဂုံ ကုန်းတော်၏ တောင်ဘက်ဟု ခြုံ၍ခေါ်ကြောင်း၊ မြို့ဟောင်းမှာ ကုန်းတော်၏ တောင်နှင့် အနောက်ဆက်စပ်သည့် နေရာဖြစ်ကြောင်း၊ ပေါက္ခရဝတီ ကို ဓညဝတီ ဟုလည်းကြောင်း၊ နန်းတော်ကုန်း၊ သုဝဏ္ဏသူဌေးကြီး၏ သူဌေးကုန်း၊ ခပင်းမြို့ဟောင်းတို့ ယခုတိုင်ရှိကြောင်း ဖေါ်ပြထားပါတယ်။
အချို့ဆရာများက အသိတဉ္ဇန၊ ပေါက္ခရဝတီ၊ ဥက္ကလာပ တို့ကို တစ်မြို့တည်းလို့ ယူဆကြတာလည်း ရှိပေမယ့် သီးခြား တစ်မြို့စီသာ ဖြစ်ကြောင်း အခြားမှတ်တမ်း၊ မြို့ဟောင်းများ တည်ရှိနေမှုက တစ်မြို့စီဖြစ်ကြောင်း ပြသနေကြပါတယ်။
ဘုရားသမိုင်း၊ စာပေမှတ်တမ်းများအရ ဗုဒ္ဓခေတ် ရွှေတိဂုံ စေတီတည်မယ့် သိဂုင်္တ္တရကုန်းတော် ကြီးရဲ့ အရပ်လေးမျက်နှာမှာ မြို့ဟောင်း လေးခု အနည်းဆုံးရှိမယ်။
ကုန်းတော်ရဲ့ ပတ်လည်က မြို့ဟောင်းတွေကို ရှာရင် အနည်းဆုံး ကုန်းတော်ရဲ့ မိုင် ၃၀ ပတ်လည်မှာ ရှာသင့်ပါတယ်။
လက်ရှိတွေ့ရှိပြီးသလောက် ပြောရရင် ကုန်းတော်ရဲ့ အရှေ့အရပ်က မြို့ဟောင်းဟာ သံလျင်က ပါဒမြို့ဟောင်း ဖြစ်နိုင်ပါတယ်။
မြောက်အရပ်မှာလည်း ဥက္ကလာပ မြို့ဟောင်းလို့ ယူဆစရာ မြို့ဟောင်း နှစ်ခု တွေ့ထားပါတယ်။
အနောက်အရပ်မှာတော့ မြို့ဟောင်း ကျနော် မတွေ့သေးပါ။
တောင်အရပ်ကတော့ တွံတေးတောကြီးတန်းက ပေါက္ခရဝတီ မြို့ဟောင်းပဲ ဖြစ်ပါတယ်။
ကုန်သည်ညီနောင် တို့ဟာ တွံတေးပေါက္ခရဝတီမှ ဖြစ်ကြောင်း အများသဘောတူ လက်ခံကြတာမို့ ပေါက္ခရဝတီ မြို့ဟောင်းနဲ့ ပေါက္ခရဝတီ နယ်မှ ရရှိတဲ့ အထောက်အထားများကို ဆက်လက်ဖေါ်ပြပါမယ်။
ရွှေတိဂုံကို ဘယ်သူတွေ တည်သလဲ
သမိုင်း သုတေသန (၃)
***********
ကုန်သည်ညီနောင်တို့ မြို့ဟာ ယနေ့ခေတ် တွံတေးမြို့နယ် တောကြီးတန်းမှ ပေါက္ခရဝတီမြို့ဟောင်း ဖြစ်ကြောင်း မွန်၊ မြန်မာ ပညာရှင်အများ ညီညွတ်ကြောင်း ပြောခဲ့ပါတယ်။
ယနေ့ခေတ် ရွှေတိဂုံကုန်းတော်ကြီး တည်ရှိရာ ရန်ကုန်မြို့ဟာ ဥက္ကလာပ၊ အသိတဉ္စန၊ ပေါက္ခရဝတီ မဖြစ်နိုင်ဘူးလားဆိုရင် ဘုရားသမိုင်းအရ မဖြစ်နိုင်ဘူးလို့သာ ဖြေရမှာပါ။
ရွှေတိဂုံ ဘုရားသမိုင်းကို အကျဉ်းမျှ ကြည့်ပါ။
ကုန်သည်ညီနောင်ဟာ မဇ္စျိမဒေသကို လှေသင်္ဘောကြီးများနဲ့ သွားမယ်။
ကမ်းကပ်တော့မှ လှည်းနဲ့ ကုန်ပစ္စည်းများကို တင်ပြီး ကုန်သွယ်မယ်။
ဒါကြောင့် လှည်းကုန်းသည်လို့ ခေါ်တာ ဖြစ်ပါတယ်။
သူတို့ ဆံတော်ပင့်ပြီးပြန်လာတဲ့အခါ ယနေ့ခေတ်ကွမ်းခြံကုန်း နေရာမှာ သင်္ဘောကပ်မယ်။
ယင်းနေမှ ဆံတော်ကို ပင့်လာပြီး ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး ပေါက္ခရဝတီမြို့အထိ ခရီးဆက်မယ်။
ဆံတော် သယ်လာပြီး ရပ်နား အပူဇော်ခံသည့်နေရာမှာ ဆံတော်ကြိုစေတီများ တည်ထားခဲ့တာ ယနေ့ထက်တိုင် ဆံတော်ကြိုစေတီများ ရှိနေပါသေးတယ်။
ကုန်သည်ညီနောင်တို့ဟာ ဆံတော်တွေကို ပေါက္ခရဝတီမြို့ဦးမှာ စေတီတည်ကိုးကွယ်တယ်။
ဒါကို ဥက္ကလာပမင်းကြီး ကြားတော့ ဆံတော်တွေကို တောင်းတော့ ပေါက္ခရဝတီသားတွေက ဆံတော်များကို သင်္ဘောနဲ့ လာပို့တယ်။
ဥက္ကလာပမင်းကြီးက ဗိုလ်ခြေတစ်ထောင်နဲ့ ကြိုတဲ့ နေရာမှာ ဗိုလ်တစ်ထောင် ဘုရားတည်တယ်။
ဆံတော်တွေကို ပင့်လာတော့ ယနေ့ခေတ် ပုဇွန်တောင် ရေကျော်အရပ်ကိုရောက်တော့ ဆံတော်ပင့်တဲ့ ဆင်က ဆက်မသွားပဲ ဝပ်နေတယ်။
ဒါနဲ့ ဆံတော်တွေရှိနေသေးလားဆို ဆံတော်ထည့်တဲ့ ရွှေကျုတ်အဖုံးကို ဖွင့်ကြည့်တဲ့ နေရာမျာ ရွှေဖုံးဖွင့်ဘုရား၊ ရွှေဘုန်းပွင့် ဘုရားတည်တယ်။
ဆံတော်တွေကို ဘယ်နေရမှာ စေတီတည်ရမယ်မှန်း မသိလို့ နတ်မင်းကြီးလေးပါး စုဝေးတိုင်ပင်တဲ့ကုန်းမှာ စုဝေးကုန်း၊ နောင် ဆူးလေကုန်း ဖြစ်လာတဲ့ ယခုဆူးလေ ဘုရားတည်တယ်။
နတ်မင်းကြီးလေးပါး စည်းဝေးပြီးမှ တြိဂုမ္ဗ ခေါ် သိဂုင်္တရကုန်းတော် နေရာကို သိပြီး ယင်းနေရာမှာ ရွေတိဂုံဘုရားကို တည်တယ်။
ဒီဘုရားသမိုင်းကို ကြည့်ရင်၊ ဗိုလ်တစ်ထောင်၊ ရွှေဖုံးပွင့်၊ ဆူးလေ စတဲ့အမည်တွေအားလုံးဟာ မွန်အမည် မဟုတ်။
မြန်မာအမည်တွေသာ ဖြစ်တယ်။
ဆက်စပ် ဘုရားသမိုင်းမှာပါတဲ့ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း စတာတွေဟာလည်း မွန်အမည်တွေ မဟုတ်ဘူး။
ယနေ့တိုင် ကျန်နေတဲ့ မြန်မာအမည်တွေဆိုတာ ထင်ရှားတယ်။
ဒီတော့ ကုန်သည်ညီနောင်ရဲ့ ပေါက္ခရဝတီမြို့ဆိုတာ ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းမှာ ဆိုတာ ထင်ရှားတယ်။
နောက်တစ်ခုက ဒေသခံတွေရင်ထဲမှာ စွဲနေတဲ့ သမိုင်း Myth တွေပါ။
ဗသနိုးမြို့ဟောင်း ဒေသက ဒေသခံတွေဟာ ဒီမြို့ဟောင်းကြီးကို ဗိသနိုးမြို့ကြီးဆိုတာ သိကြတယ်။
ဘယ်နေရာဟာ နန်းတော်ကုန်း၊ ဘယ်နေရာမှာ ဗိသနိုးဘုရင်မ ကျိန်စာဆိုခဲ့တဲ့ ဘယ်လို ပေပင်တွေရှိတာ စသဖြင့် သိကြတယ်။
သရေခေတ္တရာ မြို့ဟောင်းကြီးမှာလဲ ဒီလိုပါပဲ။
ဒေသခံတွေဟာ မြို့ဟောင်းကြီးကို သရေခေတ္တရာ မြို့ဟောင်းကြီး အဖြစ်သိကြတယ်။
ဘယ်နေရာနန်းတော်ကုန်း၊ ဘယ်ဟာကတော့ ဘောဘောကြီးဘုရား၊ ဘယ်ဟာကတော့ ဘုရားကြီး၊ ဘယ်ဟာကတော့ ဘုရားမာ၊ ဘယ်ဟာကတော့ ဘယ်စေတီဆိုတာ စာမတတ်တဲ့သူတောင် သိကြတယ်။
အဲဒီလိုပဲ တွံတေး ပေါက္ခရဝတီသားတွေဟာ ပေါက္ခရဝတီ မြို့ဟောင်းနဲ့ ပတ်သက်လို့ ဘယ်နေရာက ကျုံးဟောင်း၊ ဘယ်နေရာက နန်းတော်ကုန်း၊ ဘယ်နေရာက အပင်က ဒွတ္တဘောင်မင်းကြီးစားလို့ ဒွတ္တဘတ်သီး သီးတဲ့ အပင် စသဖြင့် သမိုင်းတွေ ရောယှက်ပါဝင်နေတဲ့ သမိုင်း Myth ကြီးသူတို့ ရင်ထဲမှာ ရှိနေတယ်။
သမိုင်း Myth တွေကို အထင်သေးလို့ မရပါဘူး။
တစ်ချိန်က ဟိုးမားရဲ့ အိလိယက် ကဗျာထဲက ထရွိုင်မြို့ကြီးကို အလကား ပုံပြင်ထဲက မြို့ကြီး၊ တကယ်မရှိတဲ့ ဝတ္ထုထဲကမြို့လို့ ပြောခဲ့ကြပေမယ့် ၁၈၇၀ နောက်ပိုင်းမှာ ဂျာမန်လူမျိုး ရှလီမန်း (Schliemann) က ထရွိုင်မြို့ကြီးကို ရှာတွေ့ခဲ့တယ်။
ပုံပြင်တွေ ဒဏ္ဍာရီတွေပါကွာလို့ ပြောကြတဲ့ ဒေသတစ်ဝိုက်မှာပဲ ရှာတွေ့ခဲ့တာ။
အခုလည်း တွံတေးတောကြီးတန်းမှာ ကုန်သည်ညီနောင်ရဲ့ ပေါက္ခရဝတီမြို့ဟောင်း တကယ်ရှိနေပါတယ်။
ပေါက္ခရဝတီမြို့ဟောင်းကို သွားမယ်ဆိုရင် ရန်ကုန်က တစ်ဘက်ကမ်း ဒလကိုကူးရင်ပဲ ဖြစ်ဖြစ်၊ လှိုင်သာယာဘက်က တံတားကိုကူးပြီး သွားရင်ပဲ ဖြစ်ဖြစ် တွံတေးနဲ့ ကော့မှူး ကွမ်းခြံကုန်းဘက် ကို လမ်းခွဲတဲ့ ကံဘဲ့ရွာကို ရောက်ပါတယ်။
(ကံဘဲ့ရွာမှာလည်း မောင်ဒီဘုရားကြီးနဲ့ မောင်ဒီမြို့ဟောင်းငယ်လေး ရှိပါသေးတယ်။)
ယင်း ကံဘဲ့ရွာကနေ ၆မိုင်ခန့်အကွာ တွံတေးရွှေဆံတော် ဘုရားကြီးရဲ့ တောင်ဘက် တစ်မိုင်ခန့်မှာ ဒေသခံတွေက တောကြီးတန်းလို့ ခေါ်တဲ့ တောတန်းထဲမှာ ပေါက္ခရဝတီမြို့ဟောင်း ကျန်ရှိနေပါသေးတယ်။
(ကောင်းကင် ဓာတ်ပုံကို ကြည့်ပါ။)
အပြင်ဘက်မှာ အပြင်ကျုံး၊ အတွင်းဘက်မှာ အတွင်းနန်းမြို့ကုန်း ကျုံး၊ ကျုံးနှစ်ထပ်ရှိပြီး အတွင်း နန်းတော်ကုန်းထဲမှာ အပေါ်ကုန်း၊ အောက်ကုန်းဆိုပြီး ကုန်းနှစ်ထပ်ရှိပါသေးတယ်။
အပြင်မှာ ကျုံးဟောင်းနှင့် ကျုံးနှစ်ခမ်း အုတ်စီထားသည့် အုတ်ရိုးများ ကျန်နေပါသေးပါတယ်။
အပြင်မြို့ကျုံးဟောင်းရာကို ကြည့်ရင် လေးထောင့်ကျကျ မဟုတ်ပဲ ထောင့်တွေဟာ လုံးဝန်းပြီး ခပ်ဝိုင်းဝိုင်း သဏ္ဍာန် တည်ရှိပါတယ်။
ကောင်းကင်ဓာတ်ပုံမှာ မြောက်ဘက် ကျုံးဟောင်းရာ ထင်ရှား မရှိတော့ပေမယ့် မြေပြင်ကွင်းဆင်းတဲ့အခါ ကျုံးဟောင်း၊ ကျုံးနှုတ်ခမ်းကို ပတ်စီထားတဲ့ အုတ်ရိုးတန်းဟောင်း ကျန်ရှိနေပါသေးတယ်။
ဒေသခံတွေက နန်းတော်ကုန်းလို့ အစဉ်လာ သိမှတ်လာကြတဲ့ အတွင်းနန်းမြို့ကတော့ ကောင်းကင် ဓာတ်ပုံကကြည့်ရင် ငါးထောင့် ပဉ္စဂံပုံ တွေ့မြင်ရပါတယ်။
ပဉ္စဂံပုံ နန်းမြို့ဟောင်းရဲ့ အနောက်ဘက်မှာ အောက်ကုန်းကနေ အပေါ်ကုန်းကို တက်ဖို့ အုတ်လက်ရမ်း၊ ဂဝံလှေကားထစ်၊ တံခါးအုတ်တိုင် နှစ်တိုင် ကျန်ရှိသေးပါတယ်။
ထူးခြားမှုအနေနဲ့ နန်းတော်ကုန်း အရှေ့ဘက် ကျုံးအပြင်ဘက်ကပ်လျက်မှာ ဒေသခံတွေက ဒွတ္တဘောင်ကြီး စားသုံးလို့ ဒွတ္တဘတ်သီးလို့ ခေါ်တဲ့ အသီးပင်များ ရှိနေပါတယ်။
ဒွတ္တဘတ်သီး ဆိုတဲ့ အမည်ကိုက ပေါက္ခရဝတီ တွံတေးနယ်ကြီးဟာ ပျူဒေသ ပျူနယ်ကြီးမှန်း သိသာ ထင်ရှားစေပါတယ်။
ဒီအသီးကို မွန်မင်းတွေ အမည်ဖြစ်တဲ့ ဗညားသီး၊ သမိန်သီး၊ ထောသီး၊ လဂွမ်းသီး၊ စသဖြင့် မခေါ်ပါဘူး။
ဒွတ္တဘောင်မင်းကြီးစားသုံးလို့ ဒွတ္တဘတ်သီးလို့ ခေါ်ပါသတဲ့။
နှယ်နှယ်ရရ အသီးမဟုတ်ပါ။
သရေခေတ္တရာခေတ် ပျက်သုံးပြီး ပုဂံခေတ် မှာတောင် ဒွတ္တဘတ်သီး မှည့်ချိန်မှာ အောက်မှ ပိုက်ကွန်ဖြင့် ခံပြီး ဟင်းခွက်သုံးရာ စားသောက်တဲ့ နရသီဟပတေ့မင်းကြီးထံ ဆက်သရပါတဲ့။
ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်ထိလည်း ထီးသုံးနန်းသုံး အသီးဖြစ်ပြီး အသီးများ အမှည့်လွန်ခြင်း၊ ပုပ်ခြင်း မရောက်မီ အချိန်မီ လှေလျင်နဲ့ အမရပူရ နန်းတော်ကို ဆက်သရပါသတဲ့။
ဘိုးတော်ဗဒုံမင်းခေတ် ဒွတ္တဘတ်သီးများကို အမရပူရအပို့ ဟင်္သာတသူကြီးက လှေကိုတားမြစ်လို့ အချိန်လင့်ပြီး အသီးအချို့ ပုပ်ကုန်လို့ ရွှေစာကြက်ဥ လျော်ပေးရသတဲ့ ဗျား။
တွံတေး ပေါက္ခရဝတီ နန်းတော်ကုန်းကို ဗဟိုပြုပြီး ပေါက္ခရဝတီနယ်မြေ တစ်ခုလုံးက တွေ့ရှိရတဲ့ အထောက်အထားများကို ကြည့်ပြီး ပေါက္ခရဝတီဟာ ပျူမြန်မာဒေသလား၊ မွန်ဒေသလား ဆုံးဖြတ်နိုင်ပါတယ်။
အမှန်တော့ အနော်ရထာမတိုင်မီ မွန်မြို့၊ မွန်နိုင်ငံဆိုတာ မြန်မာနိုင်ငံအတွင်းထဲမှာ မရှိသေးပါဘူး။
ခေတ်ပြိုင်မှတ်တမ်း အနေနဲ့ ပြည်မှ ခေတ်ပြိုင်မှတ်တမ်း တစ်ခုဖြစ်တဲ့ တရုတ်ထန်နန်းတော်မှတ်တမ်းမှာ ပျူ နိုင်ငံရဲ့ အကျယ်အဝန်းနယ်နမိတ်ကို မြောက်ဘက် ယူနန်ကနေ တောင်ဘက် ပင်လယ်အထိ၊ အနောက်ဘက် အိန္ဒိယကနေ အရှေ့ဘက် ကမ္ဘောဒီးယား နိုင်ငံအထိ ကျယ်ဝန်းတဲ့ နိုင်ငံကြီးကို ပျူနိုင်ငံလို့ သိရှိမှတ်တမ်း တင်ထားကြပါတယ်။
ပျူနိုင်ငံနဲ့ ပင်လယ်နဲ့ကြားထဲမှာ မွန်နိုင်ငံ၊ ရာမညနိုင်ငံရှိတယ်လို့ တရုတ်မှတ်တမ်းမှာ မပါပါဘူး။
မရှိလို့ မပါတာ ဖြစ်ပါတယ်။
အတိတျာမင်း ကျောက်အိုးစာမှာ ပျူနိုင်ငံရဲ့ အကျယ်အဝန်းကို တောင်ဘက်မှာ ယနေ့မလေးရှားနိုင်ငံ တကွာပါအထိ ပိုင်တယ်လို့ ရေးထိုးထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအောက်ပိုင်း၊ တောင်ပိုင်းကမ်းရိုးတန်း တစ်ခုလုံးဟာ ပျူမြန်မာဒေသကြီးဆိုတာ သေခြာပါတယ်။
ပေါက္ခရဝတီမှ ပျူ အထောက်အထားများ
***********
ကုန်သည်ညီနောင်တို့ဟာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမြို့ (ဥဿာ တိန်မယ်မြို့)မှ ဥက္ကလာပ မင်းကြီးရဲ့လက်အောက်ခံ ပေါက္ခရဝတီသားတွေဖြစ်ပြီး သူတို့ဟာ ပျူမြန်မာတွေလို့ ပြောမယ်ဆိုရင် ပေါက္ခရဝတီ ယဉ်ကျေးမှုနယ်မြေကြီးမှာ ပျူအထောက်အထား ဘာတွေ့သလဲ ဆိုတဲ့ မေခွန်းကို မဖြစ်မနေမေးရမှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့ တွေ့ရတဲ့ ပျူအထောက်အထားတွေကတော့
၁။ ပျူ အက္ခရာစဉ့်စာ အုတ်ခဲစာများ
၂။ ပျူလက်ရေးစင်းအုတ်များ
၃။ ပျူပုတီးစေ့၊ ပျူးနားတောင်းများ
၄။ ပျူခေတ် ကြေး၊ ကျောက် ဗုဒ္ဓရုပ်ပွားတော်များ
၅။ ပျူ အုတ်ခွက်ဘုရားများ
၆။ ပျူ ဒင်္ဂါးများ
၇။ ပျူ စေတီ၊ လိုဏ်ဘုရားဟောင်းများ
၈။ ပျူခေတ် မြေဆေးတံများ
၉။ ပျူ အက္ခရာ ပျူစာပါ ငှက်ရုပ်အလေးတုံး
၁၀။ ပျူ အက္ခရာစဉ့်စာများ
၁၁။ ပျူ အရိုးအိုးများ
ဖြစ်ပါတယ်။
ဓာတ်ပုံများကို ကြည့်ပြီး ပုံညွှန်းစာများကို ဖတ်လိုက်ပါ။
ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။
အထက်ပါ အထောက်အထားများအရ ပေါက္ခရဝတီ ဒေသကြီးဟာ ပျူဒေသကြီးလို့ ပြည်ပတရုတ် ခေတ်ပြိုင်မှတ်တမ်းများက ပြောတာကို ခိုင်ခိုင်မာမာ ထောက်ခံနေပါတယ်။
အထောက်အထားများအရ ပေါက္ခရဝတီဒေသကြီးဟာ ပျူမြန်မာဒေသကြီးဆိုတာ ခိုင်မာပြီးတဲ့နောက်
တဖုဿ
ဘလ္လိက ကုန်သည်ညီနောင် နှစ်ဦးဟာ ဥက္ကလာပတိုင်း၊ ဥက္ကလာပမင်းကြီးရဲ့ လက်အောက်ခံ ပေါက္ခရဝတီမြို့သားဖြစ်ပြီး ဗုဒ္ဓထံမှ ဆံတော်ရရှိခဲ့တယ်ဆိုရင် ပေါက္ခရဝတီမှာ ဗုဒ္ဓခေတ် အထောက်အထား ရှိပါသလား ဆိုတဲ့ မေးခွန်းကို မဖြစ်မနေ ဖြေရမှာဖြစ်ပါတယ်။
ယင်း မေးခွန်းရဲ့ အဖြေကတော့ ပေါက္ခရဝတီမှာ ဗုဒ္ဓခေတ် အထောက်အထား ရှိပါတယ်။
ဘာတွေလဲဆိုတော့ ဗုဒ္ဓခေတ်မှာ အသုံးပြုခဲ့တဲ့ ဗြဟ္မီအက္ခရာများပဲ ဖြစ်ပါတယ်။
ဗြဟ္မီအက္ခရာရဲ့ သမိုင်းအဓိပ္ပါယ်ကို သိဖို့လိုပါတယ်။
ဗြဟ္မီအက္ခရာဆိုတာ ဗုဒ္ဓခေတ်မှ အသောကမင်းကြီး ခေတ်အထိသာ အသုံးပြုပြီး အသောက ခေတ်နောက်ပိုင်း ဗြဟ္မီအက္ခရာကို မူလထွန်းကားရာ အိန္ဒိယကြီးမှာတောင် မသုံးတော့ပဲ ဗြဟ္မီပွား အက္ခရာတွေ ကိုသာ ဒေသအသီးသီးက ကိုယ့်ဟန်နဲ့ကိုယ် သုံးကြပါတယ်။
ဒါကြောင့် ဗြဟ္မီအက္ခရာအသုံးပြုခဲ့တဲ့ ခေတ်ကြီးကို မမီရင် ဗြဟ္မီအက္ခရာကို သိစရာ တတ်စရာကို မရှိတော့ပါဘူး။
ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံမှာ ဘယ်သူတွေသုံးသလဲ လို့မေးရင် ပျူမြန်မာတွေ သုံးတယ်လို့ အပြတ်ဖြေနိုင်ပါတယ်။
ပျူမြန်မာတွေဟာ ဗြဟ္မီ သုံးကြောင်း အထောက်အထားကတော့ ဟန်လင်း၊ သရေခေတ္တရာ တို့က ကျောက်စာတွေမျာ ပျူစာများနှင့်အတူ ဗြဟ္မီအက္ခရာများပါ တစ်တန်းစီ ရေးထိုးထားတာ တွေ့ရလို့ပါ။
မွန်မှာ ဗြဟ္မီအက္ခရာ လုံးဝမတွေ့ရပါဘူး။
မြန်မာနိုင်ငံက အစောဆုံး မွန်အထောက်အထားတွေကတော့ အနော်ရထာနောက်ပိုင်း ကျန်စစ်သားမင်း လက်ထက်မှာ ဖြစ်ပါတယ်။
အေဒီ ၁၁ရာစုနောက်ပိုင်း ၁၂ ရာစုမှသာ ရှေးမွန်အထောက်အထား အနည်းငယ် မြန်မာနိုင်ငံမှာ တွေ့ရပါတယ်။
အစောဆုံး ဆိုတဲ့ မွန်အထောက်အထားက အေဒီ ၈ရာစုပါ။
ပိုတိကျအောင် ပြောရရင် အေဒီ၈ရာစုထက်စောတဲ့ မွန်အက္ခရာ မွန်အရေးအသား မရှိပါဘူး။
အဲဒီ အေဒီ ၈ရာစု မွန်အက္ခရာ အရေးအသား ဆိုတာလည်း မြန်မာနိုင်ငံမှာ မရှိပဲ ယနေ့ထိုင်းနိုင်ငံ ယခင် ဒွါရာဝတီထဲမှာသာ ရှိပါတယ်။
မွန်တွေရဲ့ အစောဆုံး ယဉ်ကျေးမှု အထောက်အထားတွေဟာ မြန်မာနိုင်ငံထဲမှာ မရှိပဲ ထိုင်းနိုင်ငံ အတွင်းမှာသာ ရှိပါတယ်။
ဒွါရာဝတီ မွန်ယဉ်ကျေးမှုမှာ အရိုးအိုး ဓလေ့၊ ဗြဟ္မီအက္ခရာ စတာတွေ လုံးဝ မတွေ့ရပါဘူး။
ဒါကိုကြည့်ရင် မွန်တွေဟာ အက္ခရာ စာပေအရေးအသားကို အေဒီ ၈ရာစုမှ ထိုင်းဖက်မှာ နေရင်းတတ်ပြီး ဘီစီခေတ် ဗြဟ္မီအရေးအသားကို လုံးဝ မတတ်ကြဘူးလို့ ပြောနိုင်ပါတယ်။
(တတ်ရင် ဒွါရာဝတီမှာ ဗြဟ္မီ တွေ့ရမှာပေါ့။ အခုက လုံးဝ မတွေ့ရတာပါ။ ဒါကိုသိတဲ့ မွန်ဆရာ အများစုဟာ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ဗြဟ္မီအက္ခရာများကို လုံးဝ မသိချင်ယောင် ဆောင်နေကြပါတယ်။ တွေ့လည်း ထည့်မပြောကြဘူး။ ထိန်ချန်ကြတာပေါ့။)
မြန်မာနိုင် အတွင်းမှာ ဗြဟ္မီ အက္ခရာများကို ပျူမြန်မာတို့ သုံးတယ်။
အဲ့ဒီ ဗြဟ္မီအက္ခရာများဟာ ဗုဒ္ဓခေတ်မှာ အသုံးပြုခဲ့တဲ့ အက္ခရာများဖြစ်လို့ ဗုဒ္ဓခေတ် အထောက်အထားများပဲ ဖြစ်ပါတယ်။
တဖုဿ
ဘလ္လိကတို့ရဲ့ ပေါက္ခရဝတီနယ်အတွင်းမှာ ဗုဒ္ဓခေတ်က အသုံးပြုခဲ့တဲ့ ဗြဟ္မီအက္ခရာများ တွေ့ရတာဟာ ယင်းနယ်ကြီးဟာ ဗုဒ္ဓခေတ်ကို ကောင်းကောင်းကြီးသိမီတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။
အဲဒီ့အုတ်ခဲစာတွေ အနက်က ဗြဟ္မီ အက္ခရာ ယ အက္ခရာ ရေးဆွဲထားတဲ့ အုတ်ခဲစာဆိုရင် ပေါက္ခရဝတီ မြို့ဟောင်း နန်းတော်ကုန်းကြီးက ဆရာဦးဘုန်းတင့်ကျော်နှင့် တွံတေးဒေသခံများ ကွင်းဆင်းလေ့လာစဉ် ဒေသခံ ကိုသန်းဝင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အထောက်အထား အက္ခရာ အုတ်ခဲစာများကို ဓာတ်ပုံများမှာ ကြည့်ရှုပါ။
ပုံညွှန်းစာနှင့်တကွ ရေးပေးထားပါတယ်။
ဘုရားသမိုင်းက ပေါက္ခရဝတီမှ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဟာ လင်းလွန်းပင်အောက်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားထံမှ ဆံတော်များ ရခဲ့သူများ ဖြစ်ကြတယ်။
တဖုဿ
ဘလ္လိက ကုန်သည်ညီနောင်တို့ရဲ့ ဒေသ ပေါက္ခရဝတီဒေသကြီးမှာ ပျူ အထောက်အထားများ ထွက်ရှိတယ်။
ဗုဒ္ဓခေတ် အထောက်အထား ဗြဟ္မီ အက္ခရာများ ထွက်ရှိတယ်။
ဒါကြောင့် ရွှေတိဂုံဘုရားဖြစ်လာမယ့် ဆံတော်များကို ပင့်လာသူ ကုန်သည်ညီနောင်တို့ဟာ ပျူမြန်မာ များ ဖြစ်တယ်။
ဒါဆို နောက်ထပ်မေးခွန်း တစ်ခုက ရွှေတိဂုံဘုရားတည်ရှိရာ ရန်ကုန်ဘက်ကမ်းမှာရော ပျူ အထောက်အထား ဘာရှိသလဲ။
ဟုတ်ကဲ့။
သိပ်ရှိပါတယ် ခင်ဗျာ။
ယခု တွံတေးဘက်ကမ်းက ပျူအထောက်အထားများကို တင်ပြ အပြီးမှာ နောက်အပိုင်းမှာ ရန်ကုန်ဘက်ကမ်းမှာ တွေ့ရတဲ့ ပျူ အထောက်အထားများကို ဆက်လက်တင်ပြပါဦးမယ်။
ပုံများကိူ နမူနာမျှ ပြရတာတောင် အတော်လေး များနေပါတယ်။
ပုံ ၃၀ သာ တင်လို့ရပါတယ်။
ဓာတ်ပုံ အများစုဟာ ဆရာဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ ကွင်းဆင်းစဉ်က ပုံများဖြစ်ပြီး အချို့ကတော့ ကျွန်တော် ကွင်းဆင်းစဉ်က ပုံများဖြစ်ပါတယ်။
ရွှေတိဂုံကို ဘယ်သူတွေ တည်သလဲ သမိုင်းသုတေသန (၄)
*******
ရန်ကုန်သည် ပျူမြန်မာဒေသ
********** *
ရွှေတိဂုံဘုရားရဲ့ ဌာပနာ ဗုဒ္ဓဆံတော်များကို ပင့်လာတဲ့ ကုန်သည်ညီနောင်တို့ရဲ့ ပေါက္ခရဝတီ ဒေသကြီးဟာ ပျူမြန်မာဒေသကြီး ဖြစ်ကြောင်း အထောက်အထားများနှင့် တင်ပြပြီးပါပြီ။
ပေါက္ခရဝတီဟာ တွံတေးဘက်ခြမ်းမှာ ရှိလို့ ရွှေတိဂုံစေတီကြီး တည်ရှိရာ ရန်ကုန်ဘက်ခြမ်းကရော အနော်ရထာ မတိုင်မီခေတ် ပျူဒေသလား မွန်ဒေသလားလို့ မေးရင် အထောက်အထားကိုသာ ကြည့်ပါ။
အထောက်အထားများက ရန်ကုန်ဟာ ပျူမြန်မာဒေသကြီး ဖြစ်ကြောင်း ဖေါ်ပြနေကြပါတယ်။
လူဦးရေးထူထပ် မော်ဒန်စီးတီးကြီးဖြစ်နေတဲ့ ရန်ကုန်မှာ ရှေးဟောင်း ပျူ အထောက်အထားတွေ့ရတယ်ဆိုတာ မယုံကြည်နိုင်စရာ အံဩစရာကြီး ဖြစ်ပေမယ့် အမှန်တကယ်ကို ရှိနေခဲ့ပါတယ်။
၁။ ဗိုလ်တစ်ထောင်ဘုရားမှ ပျူအထောက်အထားများ
ရွှေတိဂုံ ဘုရားသမိုင်း အဆိုအရ ဥက္ကလာပမင်းကြီးဟာ ဆံတော်တွေကို တောင်းလို့ သူ့လက်အောက်ခံ ပေါက္ခရဝတီမြို့က ကုန်သည်ညီနောင်တို့ဟာ တွံတေးဘက်ခြမ်းကနေ ရန်ကုန်ဘက်ခြမ်းကို ဆံတော်များကို လှေသဘောင်္များနဲ့ လာပို့တယ်။
ဥက္ကလာပမင်းကြီးက ဗိုလ်ချေတစ်ထောင်နဲ့ ကြိုတဲ့နေရာမှာ တည်တဲ့ဘုရားဟာ ဗမာအမည် ဗိုလ်တစ်ထောင် ဘုရားလို့ အမည်တွင်လာခဲ့တယ်။
မြန်မာ ကောဇာသက္ကရာဇ် ၁၃၀၅၊ နတ်တော်လဆန်း ၁၂ရက်၊ (8-11-1943) ၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ် စစ်တပ်တွေဟာ ရန်ကုန်လူနေရပ်ကွက်တွေကိုပါ ဗုံးကျဲလို့ ဗုံးဒဏ်ထိပြီး ဗိုလ်တစ်ထောင်ဘုရားကြီးဟာ အုတ်ပုံကြီး ဖြစ်သွားတယ်။
ပြန်လည် ပြုပြင်ထိမ်းသိမ်းရေး အဖွဲ့ဟာ စစ်ကြီးပြီးလို့ ကောဇာ ၁၃၀၉ ပြာသိုလဆုတ် ၉ရက် (4-1-1948) လွတ်လပ်ရေးရတဲ့နေ့မှာပဲ တူးဖေါ်ရှင်းလင်းရေး စတင်ခဲ့တယ်။
အဲဒီ ဗိုလ်တစ်ထောင် ဘုရားဌာပနာတိုက်ထဲက ရတဲ့ ဌာပနာပစ္စည်းတွေ အနက် အနော်ရထာထက်စောတဲ့ ပစ္စည်းမှန်သမျှ ပျူ ပစ္စည်းများကိုသာ တွေ့ရှိရတယ်။
သိသာထင်ရှားတဲ့ ပျူမြန်မာ ပစ္စည်းတွေကတော့ သရေခေတ္တရာ ဘုရားကြီး၊ ဘုရားမာတို့နဲ့ ပုံစံတူတဲ့ ကျောက် ဓာတ်တော်ကျုတ်ကြီး ကိုတွေ့ရတယ်။
(ဓာတ်ပုံတွင် ကြည့်ပါ။)
(အဲဒီ့ ဓာတ်တော်ကျုတ် အဆင့်ဆင့်ထဲမှာ ဆံတော်အစစ် နှစ်ဆူလည်း ရှိနေပါတယ်။
ရွှေတိဂုံနဲ့ ဗိုလ်တစ်ထောင် ဘုရားသမိုင်းက ဘာပြောလဲဆိုတော့ တိမ်မယ်ပျူ ဥက္ကလာပမင်းကြီး (ဥဿာမင်းကြီး) လက်ထက်က ရွှေတိဂုံတည်မယ့် ဆံတော်များကို ဗိုလ်ချေတစ်ထောင်နဲ့ ကြိုတဲ့ ဆံတော်ကြို စေတီ ဗိုလ်တစ်ထောင် စေတီနေရာမှာပဲ အသောကမင်းကြီးခေတ် သာသနာပြု မစ်ရှစ်အဖွဲ့ထံက ရရှိတဲ့ ဆံတော်နှစ်ဆူကို ထပ်မံဌာပနာ တည်တယ်တဲ့။
စစ်ပြီးခေတ် ဗိုလ်တစ်ထောင် ဘုရားပြန်လည်ပြုပြင်ရေး အဖွဲ့က ဆံတော်နှစ်ဆူကို မှန်ဘီလူးနဲ့ သေခြာကြည့်ရင် ထင်ထင်ရှားရှားကို မြင်ရပါသတဲ့။
ဗိုလ်တစ်ထောင် ဘုရားထဲက ဒီဆံတော်နှစ်ဆူကို ဘုရားသမိုင်းကပြောတဲ့ အသောမင်းကြီးခေတ် ရတဲ့ ဆံတော်နှစ်ဆူဖြစ်ကြောင်း ယုံမှားသံသယ မရှိကြပါနဲ့လို့ ဆိုထားပါတယ်။)
ဒါ့ အပြင် ပျူအုတ်ခွက်ဘုရား သုံးဆူကိုလည်း တွေ့ရတယ်။
ယင်းအုတ်ခွက်ဘုရား သုံးဆူဟာ ပျူအုတ်ခွက်ဘုရားများ ဖြစ်ပါတယ်။
သုံးဆူအနက် တစ်ဆူနောက်ကျောမှာ သရေခေတ္တရာ ပျူအက္ခရာများနဲ့ ပါဠိဘာသာကို အသုံးပြုပြီး ယေဓမ္မာဂါထာကို ရေးထိုးထားပါတယ်။
ယင်း အက္ခရာ၊ ယင်းစာများဟာ မွန်အက္ခရာများ မဟုတ်ပဲ ပျူအက္ခရာများသာ ဖြစ်ကြောင်း ဆရာဦးဘုန်းတင့်ကျော်က အက္ခရာစစ်ဆေးပြီး မြန်မာ့သမိုင်းကော်မရှင်မှာ စာတမ်းဖတ်ပြီးသွားပါပြီ။
ဒေါက်တာသန်းထွန်း ကိုယ်တိုင် စာတမ်းရှင်ဘက် သဘာပတိ လုပ်ပေးပြီး မည်သည့် ပညာရှင်မှ မကန့်ကွက်၊ ထောက်ခံ ဆွေးနွေးသူသာ ရှိပါတယ်။ (ပုံတွင်ကြည့်ပါ၊ အက္ခရာနှိုင်းယှဉ် ဇာယားဖြင့် ဖေါ်ပြထားပါတယ်။)
နောက်တစ်ခုကတော့ ဗိုလ်တစ်ထောင် ဘုရားမှ ဆံတော်ထည့်တဲ့ ဓာတ်တော်ကျုတ်အဖုံးကို စေတီငယ်ပုံစံ ပြုလုပ်ထားပြီး ယင်းစေတီငယ်ပုံစံဟာ သရေခေတ္တရာမှ ပေါ်တော်မူစေတီငယ်နှင့် ပုံစံ တူညီပါတယ်။
ဒါကြောင့် typology နှိုင်းယှဉ်မှု အရ ပျူစေတီငယ်ပုံ ဓာတ်တော်ကျုတ် အဖုံးဖြစ်ပါတယ်။
ရန်ကုန်ဘက်ကမ်းကို စပြီဟေ့ ဆိုတာနဲ့ ဗိုလ်တစ်ထောင် ဘုရားဌာပနာတိုက်မှ
၁။ သရေခေတ္တရာ ဘုရားကြီး၊ ဘုရားမာတို့ ပုံစံ ပျူစေတီပုံစံငယ် ဓာတ်တော်ကျုတ်
၂။ သရေခေတ္တရာ ပေါ်တော်မူစေတီငယ်နှင့် ပုံစံတူ ပျူစေတီ ဓာတ်တော်ကျုတ်
၃။ သရေခေတ္တရာ ဘောဘောကြီး စေတီနှင့် ပုံစံတူ အရံစေတီငယ်များ ပါသည့် စာမပါ ပျူအုတ်ခွက် နှစ်ဆူ
၄။ ပျူမြန်မာ အက္ခရာ ပျူစာဖြင့် ပါဠိဘာသာဖြင့် ယေဓမ္မာ ဂါထာ ရေးထိုးထားသော ပျူအုတ်ခွက် တစ်ဆူ
စတာတွေပဲ ဖြစ်ပါတယ်။
၂။ ဆုလေ ဘုရားအနီးမှ ပျူ လက်ရေးစင်းအုတ်၊ ပျူပန်းလိုင်းအုတ်များ
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၈လမ်း အလယ်ဘလောက်၊ တိုက်အမှတ် ၈၇ ကို တိုက်ဟောင်းဖျက်ပြီး အုတ်မြစ်ချရန် မြေတူးစဉ် မြေအောက် ၁၀ပေခန့် အုတ်ရိုးဟောင်းတွေ့ပြီး ပျူလက်ရေးစင်းနှင့် ပျူပန်းလိုင်းအုတ်များကို ဆရာဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
(ပုံတွင်ကြည့်ပါ)
၃။ ရွှေတိဂုံစေတီတော်မြတ်ကြီး အနီး ရွှေဂုံတိုင်မှ ပျူလက်ရေးစင်းအုတ်များ ကို ဆရာဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ (ပုံတွင် ကြည့်ပါ)
၄။ ရွှေတိဂုံစေတီကြီးနှင့် ဆုလေ စေတီကြား ရန်ကုန်ဘူတာကြီး မီးရထား ရုံးဝန်းဟောင်းမှ ပျူ အထောက်အထားများ
ဒီတွေ့ရှိမှုကတော့ အံ့မခန်းပါပဲ။
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း၊ ထရိတ်ဒါး ဟိုတယ်နှင့် မျက်နှာချင်းဆိုင် ရန်ကုန်ဘူတာကြီး မီးရထားရုံးဝင်းဟောင်းကြီး အနောက်ဘက်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ရန် မြေတူးစဉ် တွေ့ရတာပါ။
ဘာတွေ တွေ့ရလဲဆိုတော့
၁။ ပျူ စပါးခွံပါ အုတ်များ
၂။ ပျူ မြေပုတီးစေ့များ
၃။ ပျူ ဖန်ပုတီးစေ့များ (ပေါက္ခရဝတီနယ် ကော့မှူးတွင်လည်း ပုံစံထပ်တူညီ တွေ့ရ)
၅။ ပျူ အရိုးအိုးများ
ပျူတွေနေခဲ့လို့ ပျူတွေ သေခဲ့တဲ့ ဒီ အရိုးအိုး အထောက်အထားကတော့ ရန်ကုန်ဟာ ပျူဒေသဆိုတာ လုံးဝ ငြင်းမရတဲ့ အထောက်အထားပါ။ (ပေါက္ခရဝတီ တွံတေးနယ်မှာလည်း တွေ့ရ)
(ဓာတ်ပုံများကို ကြည့်ပါ။ 13-2-2016, 7 DAY သတင်းစာနှင့် ဆရာသန့်လွင်ဦး ကို credit ပေး ကျမ်းကိုး ပါတယ်။)
ဒါဆို မေးစရာ ရှိတာက ဗုဒ္ဓခေတ်၊ ဗုဒ္ဓရဲ့ ဆံတော်များကို ဌာပနာပြီး တည်တဲ့ ရွှေတိဂုံစေတီကြီးမှာ ဗုဒ္ဓခေတ် အထောက်အထား ဘာတွေ့ရှိရသလဲ။
ဟုတ်ကဲ့ သိပ်ကို တွေ့ရပါတယ် ခင်ဗျာ။
ဗုဒ္ဓခေတ် မှာ အသုံးပြုတဲ့ ဗြဟ္မီအက္ခရာများကို တွေ့ရပါတယ်။
ဗုဒ္ဓခေတ်မှာ ဗုဒ္ဓရဲ့ ဆွေတော်မျိုးတော် သာကီဝင် မောင်နှမများ ဗုဒ္ဓရဲ့ ဓာတ်တော်များကို စေတီတည် ဌာပနာထည့်တဲ့အခါ ဌာပနာအိုးပေါ်မှာရေးတဲ့ ဗြဟ္မီ အက္ခရာကို တွေ့ရပါတယ်။
ဗြဟ္မီအက္ခရာကို ပျူမြန်မာတွေ သိမီသုံးစွဲကြောင်း၊ မွန်သည် ဗြဟ္မီခေတ်ကြီးကို မမီ၊ ဗြဟ္မီကို မသိ မသုံးစွဲကြောင်း ရှေ့ပိုင်းမှာ တင်ပြပြီးပါပြီ။
ရွှေတိဂုံစေတီကြီးမှာ ဗုဒ္ဓခေတ်အထောက်အထား၊ ဗုဒ္ဓခေတ်သုံး ဗြဟ္မီကို အက္ခရာ ရ ကို ရှာဖွေတွေ့ရှိခဲ့သူတော့ ဆရာဦးဘုန်းတင့်ကျော်ပါ။
ရွှေတိဂုံဘုရား ဗုဒ္ဓဟူးထောင့်နှင့် စနေထောင့်ကြား ရှေးဟောင်း မြေထိန်းနံရံကြီးကနေ ဗြဟ္မီအက္ခရာ ရ အုတ်ခဲစာနှင့်အတူ ပျူလက်ရေးစင်းအုတ်၊ ပျူပန်းလိုင်းအုတ်များ ပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အထက်ပါ အထောက်အထားများအရ အနော်ရထာထက် ပိုမိုစောသောခေတ်၊ ရှေးကျသောခေတ်က ရွှေတိဂုံစေတီကြီး တည်ရှိရာ သိဂုင်္တရကုန်းတော် နှင့် ပတ်ဝန်းကျင် ဒေသများတွင် ပျူဓလေ့၊ ပျူယဉ်ကျေးမှု အထောက်အထား ပစ္စည်းများသာ တွေ့ရှိရ၍ ယင်းဒေသကြီးသည် ပျူမြန်မာဒေသကြီး ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
ထို့ကြောင့် ရွှေတိဂုံဘုရားကို ပျူ မြန်မာတို့ တည်ခဲ့သည်။
ပြီးပါပြီ။
စျာန်သစ်အောင်
ကျမ်းကိုး။ ။ ပေါက္ခရဝတီသမိုင်းမစ်သ် - ဘုန်းတင့်ကျော်
နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော မြန်မာ့သမိုင်း ၁+၂ - ဘုန်းတင့်ကျော်
ရန်ကုန်ဘူတာကြီးတွေ့ ပျူအထောက်အထားများ - သန့်လွင်ဦး
၁၃-၂-၂၀၁၆၊ 7 DAY သတင်းစာ
၃-၇-၁၉၉၉၊ ကြေးမုံသတင်းစာ
၂၈-၆-၂၀၀၅ ကြေးမုံသတင်းစာ
တွံတေးဖြစ်စဉ်မော်ကွန်းတင်၊ ကိုကိုလေး (ဘဏ်)
မွန်ရာဇဝင်စေတီတော် သမိုင်းပေါင်းချုပ် - ဦးရွှေနော်
ရွှေတိဂုံသမိုင်း မူဟောင်းနှင့် မူသစ်ကျယ် - အရိယာဝံသ အာဒိစ္စရသီ
တွံတေးရွှေဆံတော် စေတီကြီးသမိုင်း - လယ်တီဦးပညောဘာသ
ဗိုလ်တစ်ထောင် စေတီတော်ကြီး သမိုင်း - ပဌမကျော် ဦးကြီးဖေ
The mists of Ramanna (The legend That was lower Burma) – Michael A. Aung Thwin
ပေါက္ခရဝတီ တွံတေး ကွင်းဆင်း မှတ်စုများ
စျာန်သစ်အောင်

Comments
Post a Comment